ရာထူးတိုးတာဝန်နှင့် KP ပညာ
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ငယ်သူငယ်ချင်းဖြစ်သူ နိုင်ငံခြားသင်္ဘောလိုင်းမှ အင်ဂျင်နီယာ အရာရှိ ကို အောင်ထွန်းခိုင် ရောက်ရှိလာပါသည်။ ရောက်ရောက်ချင်း လက်ဆောင်ပစ္စည်းများကို စားပွဲပေါ် တင်လိုက်ရင်း…
"သူငယ်ချင်း…နေကောင်းလား”
“ကောင်းပါတယ်ကွာ၊ ဘယ်နေ့ကပြန်ရောက်လဲ”
“မနေ့ကရောက်တယ်ကွ၊ မင်းရုတ်တရက်ဝမ်းသာအောင်လို့ ဖုန်းမဆက်တာ။ အဲဒါ ဒီနေ့ မင်းဆီကို လာ ပြီးလက်ဆောင်လည်းပေးရင်း အပူလာကပ်တာ”
ဟုပြောရင်းရယ်နေပါသည်။
“ထိုင်ဦးလေကွာ…မတ်တပ်ကြီး”
“မထိုင်တော့ဘူး၊ အပြင်သွားပြီး တစ်ခုခုစားရင်း စကားလေးဘာလေး ပြောရအောင်”
ဆိုင်သို့ရောက်၍ စားသောက်ဖွယ်ရာများကို မှာပြီးသောအခါ…
“ဒီလိုသူငယ်ချင်းရေ… ငါက အခု 3AE ရာထူးနဲ့ လိုက်နေတာ။ အဲဒါ ငါ 2AE ရာထူးတိုးမတိုးသိပ် သိချင် တယ်။ တွက်ပေးပါကွာ။ ရာထူးတိုးမယ် ဆိုရင်လည်း ဘယ်တော့လဲ၊ နီးနေရင်ငါစောင့်မယ်။ မင်းကမတိုး ဘူးဆို ရင်လည်း လက်ရှိရာထူးနဲ့ ငါပြန်တက်မယ်”
“သြော်… လက်စသတ်တော့ မင်းကတရားခံလာရှာနေတာကိုး”
“မဟုတ်ပါဘူး သူငယ်ချင်းရယ်…ကံကိုကြိုတင်ခန့်မှန်းနိုင်ဖို့က ဗေဒင်ပညာကိုပဲ အားကိုးရမှာလေ၊ ဒီ လိုကြိုသိထားတော့ ကိုယ်ဘာလုပ်သင့်သလဲဆိုတာ ချိန်လို့ရတာပေါ့၊ တကယ်လို့ ကြိုသိမထားရင် လက်ရှိ ရာထူးနဲ့ လခပိုရတဲ့အခါ လိုက်ပဲလိုက်ရတော့မလား၊ ရာထူးတိုး စောင့်ဖို့ ငြင်းပဲငြင်းရတော့မလား ဆိုတာ ဘယ်ဝေခွဲလို့ ရပါ့မလဲ။ နိုင်ငံခြားမှာဗေဒင်ပညာရှင်ကို Senior Consultant လို့လည်းခေါ်တယ်ကွ”
၎င်း၏ လက်မှမြောက်တက်သွားသော ဇွန်းခရင်းတို့ကိုကြည့်ပြီး မိမိကိုယ်ကို မိမိ မြောက်တက်သွား ပြီလားဟု သုံးသပ်ကြည့်မိ၏။
“ကောင်းပြီလေ…ငါ့ကို (၁) မှ (၂၄၉) အတွင်း နံပါတ်တစ်ခုပေး”
“ငါ့ရဲ့စိတ်ထဲမှာ နံပါတ်(၅) ပေါ်လာတယ်”
“ကောင်းပြီ သူငယ်ချင်း…အိမ်ရောက်ရင်တွက်ကြည့်လိုက်မယ်”
“ဟင်…အခုမတွက်ဘူးလား”
“ဘယ်အချိန် တွက်တွက်ရပါတယ် သူငယ်ချင်းရာ၊ ဆရာကြီး ခရစ်ရှနားမူရ်တီးက ဘာပြောထားသလဲ ဆိုတော့ Time of Moment of Judgement ဆုံးဖြတ်ချိန်မှာ ရှိတဲ့ဂြိုဟ်တွေက အဓိကပဲလို့ သူ့ရဲ့ Horary Astrology စာအုပ်ထဲမှာ ပြောထားပါတယ်”
ကျွန်ုပ်လည်း အိမ်ပြန်ရောက်တဲ့ အခါမှာ ၄င်းပေးတဲ့ နံပါတ်ပေါ် မူတည်ပြီး အောက်ပါအတိုင်း ဟူးရား ဇာတာဖွဲ့လိုက်ပါတယ်-
အမည်- ကိုအောင်ထွန်းခိုင်
နေ့စွဲ- ၃-၆-၂၀၀၅ (သောကြာနေ့)အချိန်- ညပိုင်း (၁၁)နာရီ၊ (၄၂)မိနစ်၊ (၃၅)စက္ကန့်
နေရာ- ရန်ကုန်မြို့
ပေးဂဏန်း- ၅
မေးခွန်း- ရာထူးတိုးမလား၊ တိုးရင်ဘယ်တော့လဲ။

ဇာတာကိုဖွဲ့ပြီးတဲ့အခါမှာ ကျွန်ုပ်လည်း ဥပဒေသ ကိုစပြီး စဉ်းစားရပါတယ်။ ဆရာကြီး ခရစ်ရှနားမူရ်တီး က လူတစ်ယောက်ရာထူးတိုးဖို့ဆိုရင် (၁၁)တန့် Cusp Sub-lord (CSL) ကိုကြည့်ရမယ်။ ၄င်း (CSL) ဟာ (၂)တန့်၊ (၆)တန့်၊ (၁၀)တန့်၊ (၁၁)တန့် ဘာဝများအတွက် အကျိုးဆောင်မယ်ဆိုရင် ရာထူးတိုးမယ်လို့ ပြောခဲ့ ပါတယ်။
ဒီဇာတာကိုကြည့်မယ်ဆိုရင် (၁၁)တန့် Cusp ရဲ့ နက္ခတ်သခင်ဟာ အင်္ဂါ(၃) ဖြစ်ပြီး၊ Cusp Sub-lord (CSL) ကတော့ ရာဟု(၈) ဖြစ်ပါတယ်။ (ဇယားတွင် ၀ိုင်းပြထားပါသည်။) ဒီဂြိုဟ်နှစ် လုံးစလုံး ဟာ (၁၂)တန့် မှာ ရပ်တည်နေပါတယ်။
သာမန်ရာထူးတိုးဖို့၊ ပြည်တွင်းရာထူးတိုးဖို့ဆိုရင် ဒီအနေအထားဟာ မကောင်းတဲ့အနေအထားပါ။ ဘာဖြစ်လို့လဲဆိုတော့ (၁၂)တန့်ဟာ အလေအလွင့်၊ ဆုံးရှုံးခြင်းနဲ့ဆိုင်လို့ ဖြစ်ပါတယ်။ ဒါပေ မယ့် သူ့ရဲ့ ရာထူး တိုးဖို့ကိစ္စက နိုင်ငံခြားနဲ့ သက်ဆိုင်နေလေတော့ ဒီအနေအထားဟာ အလွန်ကောင်းပါတယ်။ (၁၂)တန့်ဟာ နိုင်ငံရပ်ခြားနဲ့ သက်ဆိုင်လို့ ဖြစ်ပါတယ်။ တစ်ဖန် ဒီဂြိုဟ်နှစ်လုံးစလုံး ဟာ (၁၂) တန့်ဘာဝ၊ မိန်ရာသီ မှာရပ် တည်နေ ပါတယ်။ မိန်ရာသီဟာ ရေနဲ့ဆိုင်တဲ့ အာပေါရာသီဖြစ်ပါတယ်။ ရပ်တည်တဲ့ အင်္ဂါဂြိုဟ်ကလည်း စက်ပစ္စည်းရဲ့ ကာရက ဖြစ်လေတော့ ရာသီပရိယာယ်၊ ဘာဝ ပရိယာယ်၊ ဂြိုဟ်ပရိယာယ် တွေကိုစုပေါင်းပြီး စဉ်းစားလိုက်ရင် နိုင်ငံရပ်ခြားဆိုင်ရာ Marine Engineer ပိုင်းနဲ့ ပတ်သက်တယ်ဆိုတာပြနေပါတယ်။
ဒီဇာတာမှာ (၁၁)တန့် CSL ရာဟုဟာ ဗုဒ္ဓဟူး(၄) နက္ခတ်ကိုစီးထားပါတယ်။ (ဇယားတွင် ၀ိုင်းပြထားပါသည်။) ဘာဝစက်မှာကြည့်လိုက်ရင် ဗုဒ္ဓဟူးဂြိုဟ် ဟာ (၂)တန့်မှာရပ်ပြီး၊ (၆)တန့် အိမ်ပိုင်ရှင် လည်းဖြစ်ပါတယ်။ ဒီလို ရာဟုဂြိုဟ်ဟာ (၂)တန့်၊ (၆)တန့် ဘာဝများအတွက် အကျိုးဆောင်ထားတာကြောင့် ဇာတာရှင်ဟာ ရာထူးတိုးမယ်ဆိုတာသေချာပါတယ်။
ရာထူးတိုးဖို့အတွက် ဘယ်ဂြိုဟ်တွေက အကျိုးဆောင်မလဲဆိုတာ ဆက်လက်စဉ်းစားရပါတယ်။
အကျိုးဆောင်ဂြိုဟ် (Significators) များအားရှာဖွေခြင်း။
(၂)တန့်ဘာဝ
(၂)တန့်ဘာဝမှာ ဗုဒ္ဓဟူးဂြိုဟ်(၄) ရပ်ပါတယ်။ ရာဟုဂြိုဟ်(၈) ဟာ ဗုဒ္ဓဟူးနက္ခတ် ကို စီးထားပါတယ်။ ဒါ့ကြောင့် (၂)တန့်ဘာဝ အကျိုးဆောင်ဂြိုဟ်တွေဟာ ဗုဒ္ဓဟူး နဲ့ ရာဟု ဖြစ်ပါတယ်။
(၆)တန့်ဘာဝ
(၆)တန့်ဘာဝမှာ ကြာသပတေးဂြိုဟ်(၅) နဲ့ ကိတ်ဂြိုဟ်(၉) တို့ရပ်ပါတယ်။ အင်္ဂါဂြိုဟ်(၃) နဲ့ စနေ ဂြိုဟ်(၀)တို့ ဟာ ကြာသပတေး နက္ခတ် ကို စီးထားပါတယ်။ တနင်္လာဂြိုဟ်(၂)ဟာ ကိတ်နက္ခတ်ကို စီးထား ပါတယ်။
ဒါ့ကြောင့် (၆)တန့်ဘာဝ အကျိုးဆောင်ဂြိုဟ်တွေဟာ အင်္ဂါ၊ စနေ၊ ကြာသပတေး ၊ တနင်္လာ နဲ့ ကိတ် ဂြိုဟ် တို့ဖြစ်ကြပါတယ်။
(၁၀)တန့်ဘာဝ
(၁၀)တန့်ဘာဝမှာ ရပ်တည်တဲ့ဂြိုဟ် မရှိပါဘူး။ ပိုင်ရှင် ကြာသပတေး ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်(၃) နဲ့ စနေ ဂြိုဟ်(၀)တို့ ဟာ ကြာသပတေး နက္ခတ် ကို စီးထားပါတယ်။
ဒါ့ကြောင့် (၁၀)တန့်ဘာဝ အကျိုးဆောင်ဂြိုဟ်တွေဟာ အင်္ဂါ၊ စနေ၊ ကြာသပတေး ဂြိုဟ် တို့ဖြစ်ကြ ပါတယ်။
(၁၁)တန့်ဘာဝ
(၁၁)တန့်ဘာဝမှာ ရပ်တည်တဲ့ဂြိုဟ် မရှိပါဘူး။ ပိုင်ရှင် စနေ ဖြစ်ပါတယ်။ မည်သည့်ဂြိုဟ်မှ စနေ နက္ခတ်ကို စီးထားခြင်းမရှိပါဘူး။
ဒါ့ကြောင့် (၁၁)တန့်ဘာဝ အကျိုးဆောင်ဂြိုဟ်က စနေဂြိုဟ် ဖြစ်ပါတယ်။
ထို့ကြောင့် (၂)၊ (၆)၊ (၁၀)၊ (၁၁)တန့် ဘာဝများရဲ့ အကျိုးဆောင်ဂြိုဟ်တွေဟာ (၂),(၃),(၄),(၅), (၀),(၈),(၉) တို့ဖြစ်ကြပါတယ်။ (၁) နဲ့ (၆) ကလွဲရင် အကျိုးဆောင်ဂြိုဟ်တွေက (၇) လုံးတောင်ဖြစ်နေပါတယ်။ ဒီလို များပြားတဲ့ အကျိုးဆောင်ဂြိုဟ်တွေကို လျှော့ချဖို့ကတော့ စိုးမိုးဂြိုဟ်တွေနဲ့ တိုက်ဆိုင်ဖယ်ရှားဖို့ပဲ ဖြစ်ပါ တယ်။ ဒါ့ကြောင့် စိုးမိုးဂြိုဟ်တွေကို ရှာဖွေရပါတယ်။
စိုးမိုးဂြိုဟ် (Ruling Planets) များအားရှာဖွေခြင်း။
လဂ်သခင်ဂြိုဟ်- ၀ (ကုမ်)
လဂ်စီးနက္ခတ်- ၈
စန်းသခင်ဂြိုဟ်- ၃
စန်းစီးနက္ခတ်- ၉
နေ့သခင်ဂြိုဟ်- ၆
စိုးမိုးဂြိုဟ်တွေထဲက ၀ကြကျင့်နေတဲ့ ဂြိုဟ်ပိုင်နက္ခတ်ကို စီးနေတဲ့ ဂြိုဟ်တွေက အလုပ်မလုပ်ဘူးလို့ ဆရာကြီးက ပြောထားပါတယ်။ ဒါ့ကြောင့် ၀ကြကျင့်နေသော ကြာသပတေးဂြိုဟ်ပိုင်နက္ခတ်ကို စီးနေတဲ့ စိုးမိုးဂြိုဟ် တွေဖြစ်တဲ့ (၃) နဲ့ (၀) ကို ပယ်လိုက်ရင် အလုပ်လုပ်မယ့် စိုးမိုးဂြိုဟ်တွေက (၈),(၉),(၆) ပဲကျန်ပါ တော့တယ်။
အကျိုးဆောင်ဂြိုဟ် (Significators) များနှင့် စိုးမိုးဂြိုဟ် (Ruling Planets) များအား
တိုက်ဆိုင်စစ်ဆေးခြင်း။
အကျိုးဆောင်ဂြိုဟ် (Significators) များနှင့် စိုးမိုးဂြိုဟ် (Ruling Planets) များအား တိုက်ဆိုင်စစ်ဆေး
လိုက်တဲ့အခါမှာ အားကောင်းတဲ့ အကျိုးဆောင်ဂြိုဟ်တွေက ရာဟု နဲ့ ကိတ်ပဲ ကျန်ပါ တော့တယ်။
အဲဒီနောက် ဇာတာရှင်ဟာ ဘယ်တော့ရာထူးတိုးမလဲဆိုတာ သိဖို့အတွက် ဒသာဂြိုဟ်များကို ဆက်လက် ရှာဖွေ ရပါတယ်။
ဒသာဂြိုဟ်များအားရှာဖွေခြင်း။
မှ ထိ ထူလ ဘုတ္တိ
3-6-2005 4-2-2006 ကိတ် ဗုဒ္ဓဟူး
4-2-2006 6-6-2009 သောကြာ သောကြာ
လက်ရှိ စားနေတဲ့ ဒသာက ကိတ်ထူလ၊ ၄-ဟူးဒသာဖြစ်ပါတယ်။ လက်ရိုးပညာရဲ့ အန္တရဒသာ ကိုတော့ KP ပညာမှာ ဘုတ္တိဒသာလို့ခေါ်ပြီး၊ လက်ရိုးပညာရဲ့ ပျတန္တရဒသာ ကိုတော့ KP ပညာမှာ အန္တရဒသာလို့ခေါ်ပါတယ်။ ကိတ်ထူလဒသာက စိုးမိုးဂြိုဟ်မှာ ပါပေမယ့် ၄-ဟူး ဘုတ္တိဒသာကတော့ စိုးမိုးဂြိုဟ်မှာမပါပါဘူး။ နောက်စား မယ့် ၆-ကြာ ဒသာကိုကြည့်လိုက်တော့ ၆-ကြာ ဟာ အကျိုးဆောင်ဂြိုဟ် တစ်လုံးမဟုတ်ပါဘူး။ ဒါ့ကြောင့် ဇာတာရှင်ဟာ လက်ရှိစားနေ တဲ့ ကိတ် ထူလ၊ ၄-ဟူးဘုတ္တိဖြစ်တဲ့ (၃-၆-၂၀၀၅) မှ (၄-၂-၂၀၀၆) အတွင်းရာထူးတိုးမှာ ဖြစ်ပါတယ်။
ဒီရက်ကသိပ်ကြာနေတော့ အန္တရဒသာကို ဆက်ကြည့်ပါတယ်။
(၁)။ ၆-ကြာအန္တရဒသာ(၂၀-၄-၂၀၀၅ မှ ၂၀-၆-၂၀၀၅)
လက်ရှိမှာ ၆-ကြာအန္တရဒသာ စားနေပါတယ်။ အထက်က ပြောခဲ့တဲ့ အတိုင်းပဲ ၆-ကြာဒသာကို ပယ်လိုက်ပါတယ်။
(၂)။ ၁-နွေ အန္တရဒသာ(၂၀-၆-၂၀၀၅ မှ ၉-၇-၂၀၀၅)
၁-နွေဂြိုဟ်ဟာ ၁-တန့် မှာရပ်နေတဲ့ ၂-င်္လာနက္ခတ်ကို စီးထားပါတယ်။ ၂-င်္လာဟာ ၅-တန့် ပိုင်ရှင် လည်းဖြစ်ပါတယ်။ အထက် ကပြောခဲ့တဲ့အတိုင်းပါပဲ၊ ရာထူးတိုးဖို့က ၂-တန့်၊ ၆-တန့် တို့နဲ့ ငြိရမှာပါ။ ၁-တန့်၊ ၅-တန့် တို့ဟာ ၂-တန့်၊ ၆-တန့် တို့ကရေတွက် ရင် ၁၂-တန့် (ပျက်စီးခြင်းဘာဝ)အသီးသီးကျ လို့ ဒီဒသာမှာ ရာထူးတိုးမှာမဟုတ်ပါဘူး။ ၂-င်္လာဟာ စိုးမိုးဂြိုဟ်မှာလည်း မပါပါဘူး။
(၃)။ ၂-င်္လာ အန္တရဒသာ(၉-၇-၂၀၀၅ မှ ၉-၈-၂၀၀၅)
စိုးမိုးဂြိုဟ်မှာ မပါပါဘူး။ ဒါပေမယ့် ၆-တန့်မှာရပ်တဲ့ ၉-ကိတ်နက္ခတ်နဲ့၊ ၂-တန့်မှာရပ်နေတဲ့ ၄-ဟူး ဘုတ္တိနက္ခတ်ကို စီးထားပါ တယ်။ ၆-တန့််၊၂-တန့် တို့အတွက် အားကြီးစွာ အကျိုးဆောင်ထားတာကြောင့် ဒီ ၂-င်္လာဒသာက ရာထူးတိုးဖို့ အတွက် အားကောင်းပါ တယ်။ သေချာအောင်လို့ ကောဇာ ၁-နွေကို လှည့်ပြီး စစ်ဆေးကြည့်လိုက်ပါတယ်။
ကောဇာလှည့်ခြင်း။(Transit)
၁-နွေဂြိုဟ်ကို ကောဇာသွားဖြင့်လှည့်သောအခါ ၉-ကိတ် ထူလ၊ ၄-ဟူး ဘုတ္တိ၊ ၂-င်္လာ အန္တရ ဒသာကာလဖြစ်တဲ့ (၉-၇-၂၀၀၅) မှ (၉-၈-၂၀၀၅) အတွင်း ကောဇာ ၁-နွေသည် ၂-င်္လာရာသီ (ကရကဋ်၊ အန္တရဒသာသခင်ပိုင်ရာသီ)၊ ၄-ဟူးနက္ခတ်(ဘုတ္တိဒသာ သခင်) ကိုစီးသော ၂၀၀၅ခုနှစ်၊ သြဂုတ်လ ပထမပတ်အတွင်း ရာထူးတိုးမည်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။
နောက်တစ်နေ့ နေ့လည်ပိုင်းတွင် သူငယ်ချင်းဖြစ်သူ ရောက်ရှိလာပြီး….
“သူငယ်ချင်း…တွက်ပြီးပြီလား”
“ပြီးပြီသူငယ်ချင်း…အခုလာမယ့် သြဂုတ်လ ပထမပတ်မှာ မင်းရာထူးတိုးလိမ့်မယ်။ လခလည်း ပိုရလိမ့်မယ်”
“သြဂုတ်လ ပထမပတ်ဆိုတော့ နှစ်လလောက်ပဲ စောင့်ရမယ်။ စောင့်နိုင်တယ် သူငယ်ချင်း၊ စောင့်မယ်။ ဒီလိုရာထူးတိုးဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး။ ငါက အခုမှ 3AE Service တစ်ခေါက်ပဲရှိ သေးတာ။ ကျေးဇူးမမေ့ပါဘူး သူငယ်ချင်းရယ်…အကြောင်းထူး ရင်လာခဲ့မယ်”
ဟုပြောဆိုနှူတ်ဆက်ပြီး ပြန်သွားပါသည်။ ထို့နောက် သြဂုတ်လ(၃)ရက်နေ့၊ နေ့လည်ပိုင်းတွင် ပြန်ရောက်လာပြီး…
“သူငယ်ချင်း…ဒီနေ့ မနက်ပဲ Telex ၀င်လာတယ်၊ ငါ 2AE ရာထူးတိုးပြီ။ သိပ်ကျေးဇူးတင်တယ် သူငယ်ချင်းရာ…ဗေဒင်ပညာ က တကယ့်ကို Guide Line ပေးနိုင်တယ်။ ဒီရက်တွေ မတိုင်ခင်က ငါ့ကို လက်ရှိရာထူးနဲ့ လခပိုရတဲ့ လိုင်းနှစ်လိုင်းက ခေါ်သေးတယ်။ မင်း ကရာထူးတိုးမယ်လို့ ဟောထားလို့ ငါလည်း နှစ်ခုစလုံးကို ငြင်းပစ်လိုက်တယ်။ မင်းလည်း…”
“တော်ပြီ…တော်ပြီ”
၎င်း၏ နှူတ်မှ ထွက်လာမည့် အမြောက်ဆံများ၏ ရန်ကိုကြောက်၍ စကားဖြတ်လိုက်ရ၏။ ကျွန်ုပ်မှ ဆက်လက်၍…
“မင်း…First Engineer အထိ ရာထူးတိုးဦးမယ်”
“ဟာ…ဟုတ်လား၊ ဘာကိုကြည့်ပြောတာလဲ”
“ဇာတာကိုကြည့်ပြောတာပေါ့ကွ”
“မဟုတ်ဘူးလေကွာ…ဇာတာရဲ့ ဘယ်အချက်ကို ကြည့်ပြီးပြောတာလဲလို့မေးတာ”
“ဒီဇာတာမှာ ၁၁-တန့် CSL ၈-ဟုက ၄-ဟူးနက္ခတ်ကို စီးထားတယ်။ ၄-ဟူးရဲ့သဘောက တစ်ကြိမ်ထဲနဲ့ မပြီးဘူး၊ ဆက်ခါ ဆက်ခါ လို့အဓိပ္ပာယ်ရတယ်။ ဒါကြောင့်ရာထူးဆက်တိုးဦးမယ်လို့ ပြောတာ”
“ အဲဒါဆို First Engineer ဘယ်တော့ ဖြစ်မလဲ အခုတွက်ပေး”
“ မင်း Second Class Part (B) အောင်ပြီးရင် တွက်ကြတာပေါ့”
သူငယ်ချင်းနှစ်ယောက် ပြိုင်တူ ရယ်မောလိုက်မိ ပါတော့သည်။ အဆိုပါ သူငယ်ချင်းသည်ကား ၅-တေးစ၊ ၅-တေးဆုံး နာမည် နှစ်လုံးတည်း ပါသောသင်္ဘောလိုင်းမှ 2AE ရာထူးဖြင့် (၁၅-၈-၂၀၀၅) ရက်နေ့တွင် ဗီယက်နမ် နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါသတည်း။
(ဒီဆောင်းပါးကတော့ ၂၀၀၆ ခုနှစ်၊ မေလထုတ် လျှို့ဝှက်ဆန်းကြယ် မဂ္ဂဇင်းမှာပါတဲ့ ကျွန်တော့်ရဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက သူလိုက်ခဲ့တဲ့ သင်္ဘောလိုင်းက Bay Point ပါ။ သူဟာ ၂၀၀၈ ခုနှစ်၊ မေလမှာ M.O.T Second Class Part (B) စာမေးပွဲကိုအောင်ပြီးတော့ အခုအချိန်မှာ ၄-ဟူးစ၊ ၀-နေဆုံး သင်္ဘော လိုင်းမှာ First Engineer ရာထူးနဲ့ တာဝန်ထမ်းဆောင်လျှက် ရှိပါတယ်။ လူပျိုကြီးပါ၊ အသက် (၃၈)နှစ်၊ ပညာအရည်အချင်း-B.E.(Mechanical)၊ စိတ်ဝင်စားသူ မိန်းခလေးများ စာရင်းပေးကြပါ။)
ဆရာဦးဇာနည်(K.P)
B.E.(CIVIL)
Email: [email protected]
Paragraph.